ဟင်္သာတခရိုင် အုပ်ချူပ်ရေးမှူး ဦးမြင့်သန်းဝင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

လေးမျက်နှာ ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းမှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက လေးမျက်နှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား မိမိတို့ကျေးရွာ ရပ်ကွက်များ အေးချမ်း သာယာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရပ်ကွက်ကျေးရွာများအတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေ ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် မိမိတို့မှ ဦးဆောင်၍ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စုပေါင်း သန့်ရှင်းရေးများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံရေး၊ ရွေးကောက်ပွဲမဲစာရင်းများပြုစုရာတွင် အခြေခံ လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပေးပို့လာသည့် ရှေးပြေးစီမံချက်စာရင်းအရ ပြုစုပေးပို့လာ သည့် စာရင်းများနှင့် ပတ်သက်၍ မြေပြင် ကွင်းဆင်းစစ်ဆေးရာတွင် ပြည့်စုံမှန်ကန်စေရေး ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ရပ်ကွက်ကျေးရွာများအတွင်းမှ အကြမ်းဖက်အဖွဲ့အစည်းများထံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ဖိတ်ခေါ်မှုများအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဟင်္သာတခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဝေက ရှေ့ပြေးစီမံချက်အရပြုစုပြီး လူဦးရေကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ရရှိသည့်အချက်များ၊ လူဦးရေစာရင်းတွင် မွေးသက္ကရာဇ် မပြည့်စုံသူများစာရင်း၊ လူဦးရေစာရင်းတွင် နိုင်ငံသား(၂)ကြိမ် ဖြစ်နေသူများအား စိစစ်တွေ့ရှိချက်၊ လူဦးရေစာရင်းတွင် မှတ်ပုံတင်မပြည့်စုံသူများ စာရင်းစိစစ်ချက်၊ အခြေခံလူဦးရေစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား စိစစ်ချက်၊ လူဦးရေစာရင်းတွင် နိုင်ငံသားကွက်လပ်ဖြစ်နေသူများ အနက်မှ နိုင်ငံသားရှိနေသူများစာရင်း စိစစ်တွေ့ရှိချက်၊ လူဦးရေစာရင်းတွင်ပါဝင်ပြီး နိုင်ငံသားကတ်ပြားမရှိသူ များအနက်မှ ဧည့်နိုင်ငံသား လက်မှတ်နှင့် နိုင်ငံသားပြုခွင့်ရသူများစာရင်း၊ လူဦးရေစာရင်းတွင်ပါဝင်ပြီး ရူးသွပ်သူများ၊ ခရီးလွန်နေသူများ၊ သေဆုံးသူများစာရင်း စသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြချက် များအပေါ် ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းက နိဂုံးချုပ်ပြန်လည်ဆွေးနွေး ပြောကြားခဲ့ သည်။

ကျော်ဟိန်း(ပြန်/ဆက်)