ချောက် သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာ ဗဟုသုတများ တိုးပွားစေရန် မြို့နယ်ကျောင်းကျန်းမာရေးဌာန ဆရာမကြီးဒေါ်အုန်းသန်းက ကျန်းမာစွာ နေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး ၊လက်ဆေးနည်း၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KG မှ Grade5 အထိကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် ဖြည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ဩဂုတ်လ (၇) ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့နှစ်ဖွဲ့ခွဲ၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေး၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေးနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)