ပွင့်ဖြူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုလို မိုးရာသီကာလ ငှက်ပျောစိုက်ခင်းများ၌ သဘာဝအလျောက် ပေါက်လေ့ရှိသည့် ငှက်ပျောမှိုများကို ရာသီစာအဖြစ် ဒေသခံပြည်သူများက ဝယ်ယူစားသုံးကြသဖြင့် ငှက်ပျောမှိုရှာဖွေ ရောင်းချသူများ ပေါ်ဦးပေါ်ဖျား တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ ဈေးနှုန်းဖြင့် ရောင်းချနေရသဖြင့် မိသားစုအပိုဝင်ငွေ ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း သိရသည်။
ယခုလို မိုးရာသီကာလဆိုရင် "ကျွန်တော်တို့ဒေသက ငှက်ပျောစိုက်ခင်းတွေမှာ သဘာဝအလျောက် ပေါက်လေ့ရှိတဲ့ ငှက်ပျောမှိုပေါ်ချိန်ဖြစ်ပါတယ်။ ခုရက်ပိုင်း မိုးကလည်းရွာတော့ ငှက်ပျောမှိုတွေ ပေါက်တာလည်း များတယ်။ ငှက်ပျောမှိုက ချိုပြီးနူးညံ့တဲ့အရသာရှိတော့ ပြည်သူများက ရာသီစာအဖြစ် ဝယ်ယူစားသုံးကြတယ်။ ပေါ်ဦးပေါ်ဖျားဆိုတော့ ငှက်ပျောမှို ရှာဖွေရောင်းချတဲ့သူတွေအတွက် မိသားစုအပိုဝင်ငွေရရှိလို့ အဆင်ပြေတာပေါ့ဗျာ။ ငှက်ပျောမှိုဈေးနှုန်းကတော့ တစ်ပိဿာ ငွေကျပ် ၈၀၀၀ ဈေးနှုန်းနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ကျွန်တော်တို့ဒေသမှာ ငှက်ပျောမှိုအပြင် ကောက်ရိုးမှို ၊ တောင်ပို့မှိုတွေလည်း ပေါက်တယ်။ ကောက်ရိုးမှိုနဲ့ တောင်ပို့မှိုကတော့ တောတောင်တွေထဲမှာ ကျင်းလိုက်ပေါက်တာဖြစ်လို့ တစ်ကျင်းဆိုရင် အနည်းဆုံး (၂ ၊ ၃)ပိဿာအထိ ရကြတယ်။ ကောက်ရိုးမှိုနဲ့ တောင်ပို့မှိုကတော့ ဈေးပိုကောင်းတယ်။ တစ်ပိဿာကို ငွေကျပ် တစ်သောင်းကျော်အထိ ဈေးရှိတယ်။ ခုလိုမိုးတွင်းကာလမှာ သဘာဝအတိုင်း ပေါက်လေ့ရှိတဲ့ ငှက်ပျောမှို ၊ ကောက်ရိုးမှို ၊ တောင်ပို့မှိုများကို ရာသီစာအဖြစ် ဒေသခံပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြလို့ မှိုရှာဖွေရောင်းချသူများ အပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေပါတယ်"ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံပြည်သူ ဦးကျော်ဆန်းက ရှင်းပြသည်။
ပွင့်ဖြူမြို့နယ်၌ မိုးရာသီကာလတွင် သဘာဝအလျောက် ပေါက်လေ့ရှိသည့် ငှက်ပျောမှို ၊ ကောက်ရိုးမှို ၊ တောင်ပို့မှိုများကို ဒေသခံပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြ၍ ပေါ်ဦးပေါ်ဖျား မှိုရှာဖွေရောင်းချသူများ ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )