သံတောင်ကြီးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေများထုတ်ပေး

သံတောင်ကြီး ဩဂုတ်  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀) နာရီက ကျေးမင်းကျေးရွာ ဘုရားကျောင်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး  ဦးချမ်းငြိမ်းဝင်းက နိုင်ငံတော်၏ ကိုယ်ဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေးကြေးအရင်းအနှီးများရရှိစေရန်၊ ရရှိသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေတိုးပွားအောင်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာများပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ  ကျေးမင်းကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP)ချေးငွေများ   ပြန်လည်ထုတ်ပေးရာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၄) ဦးအတွက်  ငွေကျပ် (၄၈)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ (၁၆) ဦးအတွက်ငွေကျပ် (၄၁) သိန်း၊  အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးအတွက်  ငွေကျပ် (၁၅) သိန်းဖြစ်ပြီး ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)တတိယစက်ဝန်းအတွက် ချေးငွေစုစုပေါင်းငွေကျပ် (၁၀၄) သိန်း ထုတ်ပေးခဲ့ကြောင်းသိရသည်။

နော်နော်မူ