မင်းဘူး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောက်တန်းကျေးရွာမှ တောင်သူများသည် ဟင်းသီးဟင်းရွက် သီးနှံပင်များ စိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဘူးပင်များ စိုက်ပျိုးပြီး ဈေးကောင်း ရရှိနေသောကြောင့် အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။
ဘူးပင်များကို စတင်စိုက်ပျိုးသည့် အချိန်မှစ၍ တစ်လအကြာတွင် အညွန့်များကို ဖြတ်၍ ရောင်းချ၍ရပြီး တစ်လနဲ့ ၁၀ ရက်လောက်အကြာတွင် အဖူးများ အပွင့်များ လိုက်လာ၍ အသီးများကို စိုက်ပျိုးပြီး နှစ်လလောက်တွင် ခူးဆွတ်ရောင်းချ၍ရကြောင်း သိရသည်။
ဘူးပင်များကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ရပြီး ဆောင်းတွင်းနှင့် နွေရာသီများမှာတော့ မြေအောက်ရေဖြင့် ရေသွင်း၍ စိုက်ပျိုးကြ၍ မိုးတွင်းစိုက်ပျိုးသည့် ဘူးပင်များမှာ အောင်မြင်ဖြစ်ထွန်းသဖြင့် အပင်ကောင်းဆေး ပက်ဖျန်းစရာ မလိုသော်လည်း ဆောင်းတွင်းနှင့် နွေရာသီများတွင် အပင်ကောင်းဆေး အနည်းငယ် ဖျန်းပေးရကြောင်း သိရသည်။
ဘူးများစိုက်ပျိုးရာတွင် စိုက်ပျိုးမည့်မြေ တစ်ကွက်လုံးကို နွားများ၊ ထွန်စက်များဖြင့် ထွန်ယက်ခြင်း မပြုဘဲ အငှားသမားဖြင့် မြေပေါက်ကာ ပေါင်ဆွဲ၍ စိုက်ပျိုးခြင်းက ပို၍အကုန်အကျ သက်သာစေပြီး ပေါင်များဆွဲသည့်အခါ မြေဆွေး (သို့) နွားချေးများ ထည့်ပေးရကြောင်းလည်း သိရသည်။ ဘူးပင်များ စိုက်ပျိုးရာတွင် နွေရာသီနှင့် ဆောင်းတွင်း ကာလများတွင် တွင်းတူးအစေ့ချ၍ အပင်များကို မြေကြီးပေါ်တွင်သာ စိုက်ပျိုးကြသော်လည်း မိုးဦးကျ စိုက်ပျိုးသည့်အခါ ဘူးစင်များဖြင့် စိုက်ပျိုးကြသည်။
ယခုနှစ်တွင် ဘူးသီးများ ဈေးကောင်းရရှိပြီး အသေးတစ်လုံး ၃၀၀ ကျပ်မှ ၅၀၀/၆၀၀ ကျပ်ဈေးများ အပြင် အကြီးဆုံးဆိုလျှင် တစ်လုံး ၈၀၀ ကျပ် ရောင်းချရပြီး ဘူးညှွန့်များကိုတော့ တစ်ညှွန့်ကို ဖောက်သည်ဈေး ၂၀ ကျပ်ဖြင့် ၇ ရက်တစ်ခါ ရောင်းချနေရကာ ဘူးညှွန့်နှင့် ဘူးသီးနှစ်မျိုး နှစ်စား ရောင်းချနေရသည့်အပြင် ဝယ်ယူသုံးစွဲသူ များလာကာ ဘူးသီးဈေးကောင်း၍ မပြတ်ခူးဆွတ် ရောင်းချနေရသည့်အတွက် အဆင်ပြေလျက် ရှိကြကြောင်း ကျောက်တန်းကျေးရွာမှ ဘူးစိုက်ပျိုးသူ ဦးချစ်ထွေးမှ ပြောပြသည်။
ဇေယျာထက် (မင်းဘူး)