ဖြူးမြို့နယ် Community Centre တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ဖြူး   ဩဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားစေသော  သွေးလွန်တုပ်ကွေးရောဂါအကြောင်း   ပြည်သူများ  သိရှိစေရေးအတွက် ရည်ရွယ်ကာ      ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး  Talk  Show ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show တွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်း က မိတ်ဆက်စကားပြောကြားပြီး ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်းများကို မေးမြန်းဆွေးနွေးခဲ့ရာ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာအာကာ က သွေးလွန်တုပ်ကွေးရောဂါ အကြောင်း သိကောင်းစရာများအား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးပေးရာတွင် ခြင်ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် အကြောင်း အရင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည့် အသက်အရွယ်များ၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်း များတွင် ခြင်ပေါက်ပွားမှုမရှိရေး မိုးရေတင်ကျန်နိုင်သည့် ဖော့/ပလပ်စတစ်ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများအား ရှင်းလင်းခြင်းများသည် ထိရောက်စွာ ခြင်ပေါက်ပွားမှုကို တားဆီးကာကွယ်နိုင်ကြောင်းနှင့် ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ သုံးရေအိုး၊ ဘုရားပန်းအိုး၊ အလှထိုးပန်းအိုး စသည်များအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)