လောင်းလုံးမြို့နယ်တွင် ငါးမွေးမြူခြင်းဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

လောင်းလုံး  သြဂုတ်  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ငါးမွေးမြူခြင်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သိန်းသိန်းက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းအောင်က ငါးမွေးမြူရာတွင် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ငါးသားပေါက်ကလေးများ အရွယ်အစားကြီးထွားလာပုံအဆင့်ဆင့်၊ ဒေသနှင့်ကိုက်ညီသောငါးများကိုမွေးမြူခြင်း၊ နေရာဒေသပေါ်မူတည်၍ ငါးအမျိုးအစား ရွေးချယ်မွေးမြူခြင်း၊ ငါးစာကျွေးမွေးပုံအဆင့်ဆင့်၊ ရေချိုငါးမွေးမြူခြင်း အစရှိသည့် ငါးမွေးမြူခြင်းနှင့်ပတ်သက်သောအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)