ပဲခူး ဩဂုတ် ၁၂
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် (Book Club) စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားထားသည့် “အချိန်ကို အသုံးချနည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာပဲခူးခရိုင်၊ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်နုက ပြည်သူများ စာဖတ်ရှိန် မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိ စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသော” အချိန်ကို အသုံးချနည်း” စာအုပ်ပါအသိပညာပေး ဆောင်းပါးများကို (Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဝင် ဒေါ်ဖြူဖြူသက်က “အချိန်ကို အသုံးချနည်း”၊ ဒေါ်ဇာဇာမြင့်က” စီးပွားအောင်မြင် ကံကောင်းချင်ရင်”၊ ဦးဟိန်းသူနိုင် က “တိုင်းပြည်တိုးတက်ဖို့တာဝန်”၊ ဒေါ်ဇာဇာစိုးက “အကြီးအကဲဘဝ မုချအောင်မြင်နည်း”၊ ဦးသက်ဖြိုးကြိုင်က “ပညာလိုအိုသည်မရှိ” စသည့်အသိပညာပေးဆောင်းပါး အကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပဲခူးမြို့ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)