အိမ်မဲမြို့နယ် (Community Centre) ခန်းမ၌ Youth Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ ဩဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များနှင့် လူငယ်အသင်း Youth Club အဖွဲ့ ပူးပေါင်း၍ ဦးလွင်အောင် (မဟာဝိဇ္ဇာ)ရေးသားသည့် မသန်စွမ်းသူများ၏ အခွင့်အရေးခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁၂  နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်သူများ၊ စာဖတ်ပရိသတ်များ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအသိများမျှဝေပေးနိုင်ရန် စာဖတ်ဝိုင်းများ ပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ ၂၀၂၂ ခုနှစ် မေလထုတ် သုတပဒေသာလူငယ်ရေးရာစာစောင်တွင် ဦးလွင်အောင်(မဟာဝိဇ္ဇာ) ရေးသားသည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆောင်းပါးကို ဖတ်ရှုဆွေးနွေးခဲ့ပြီး Youth Club အဖွဲ့ဝင်‌ မောင်သန့်ဇင်ဝင်းက မသန်းစွမ်းသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မသန်စွမ်းသူများ၏ ရသင့်သည့် အခွင့်အရေးများ ဖတ်ရှုဆွေးနွေးခဲ့၍ Youth Club အဖွဲ့ဝင် မရှင်မျက်ဝန်းက Autism က‌လေးများအကြောင်း၊ Autism များ၏ သွင်ပြင်လက္ခဏာများ၊ မသန်စွမ်းသူများနှင့် ဆက်သွယ်ခြင်း၊ မသန်စွမ်းသူများအပေါ် စာနာ ထောက်ထားစိတ်ဖြင့် လူလောက အသိုက်အဝန်းအခြားသူများနှင့် တန်းတူလှုပ်ရှားခံစားခွင့်ရရှိရေးအတွက် အစိုးရ၊ အဖွဲ့အစည်း၊ လူမှုအသိုင်းအဝိုင်း၊ လူသားတိုင်းတို့တွင် တာဝန်ရှိ‌ကြောင်း ဖတ်ရှုဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာဖတ်ပရိသတ်များက အပြန်အလှန်ဆွေးနွေးခဲ့ ကြသည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ စာဖတ်ပရိသတ်များ၊ ပူးပေါင်း၍ အသိပညာ ရရှိစေမည့် စာပေဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဌေးဌေးလှိုင်