ကျိုက်လတ်မြို့နယ်တွင် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂) နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်

ကျိုက်လတ်  သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံး လပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြား ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့သည့်ငွေ များကို ၎င်းတို့ထံသို့ ရောက်ရှိစေရန် စနစ်တကျပေးအပ်ရန်တို့ကို ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က MCCT လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းရုံးမှ MCCT တာဝန်ခံ ဒေါ်သူဇာဝင်းက ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ ညွှန်ကြားချက်များအား ပြောကြားခဲ့ပြီး ရပ်ကွက်(၆)ခုနှင့် ကျေးရွာအုပ်စု (၈၇)အုပ်စုအတွက် ကိုယ်ဝန်ဆောင်မိခင် (၁၇၀၉)ဦး၊ အသက်(၂)နှစ်အောက် ကလေး (၄၁၀၃)ဦး စုစုပေါင်း ထောက်ပံ့ဦးရေ (၅၈၁၂)ဦးတို့ အတွက် ထောက်ပံ့ငွေကျပ် (၂၄၉၆၉၀၀၀၀/-) တိတိအား ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ထံလွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာသည့် ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများမှ တာဝန်ခံများနှင့် ကိုယ်ဝန်ဆောင်အချို့အား ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရီမြင့်