ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း   ဩဂုတ်   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီမှ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများရှိသလို ကလေးငယ်များ သိရှိလိုက်နာတတ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာများကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေလင်းအောင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်းအရာများကိုလည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြဇော်က မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဇင်မင်းဦးက လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းကလူငယ်ရေးရာဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ကျန်းမာရေးမှူးအဆင့်-၃ ဦးအောင်သူရကျော်မှ ကျောင်းကျန်း မာရေးနှင့် ကူးစက်ရောဂါဆိုင်ရာများကို အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောသို့ အထက-ဘုတ်ပြင်းကျောင်းမှ အထက်တန်းအဆင့်ကျောင်းသား ကျောင်းသူများ တတ်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)