ဘားအံမြို့တွင် (၃၆) ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ

ဘားအံ   ဩဂုတ်   ၁၁

(၃၆)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်နေ့ ဝါခေါင်လပြည့် နံနက် ၈ နာရီခန့်က ဘားအံမြို့နယ် တောင်ကလေး (ဖလုံပညာ့တဝေါင့်) နှစ်သစ်ကူးကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တောင်ကလေးကျေးရွာ ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကရင်အမျိုးသားအလံတော်အား အလေးပြုကြပြီး သဘာပတိကြီးနှင့် သဘာပတိ အဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြကာ သဘာပတိကြီးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ချည်ဖြူဖွဲ့မင်္ဂလာ အမှာစကားပြောကြားပြီး ကရင်အမျိုးသား ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအကြောင်းစာတမ်းနှင့် ချည်ဖြူဖွဲ့မင်္ဂလာတွင်ပါဝင်သော ပစ္စည်း(၇)မျိုး အဓိပ္ပာယ်စာတမ်းလွှာကို ကရင်တိုင်းရင်းသားမောင်မယ်များက ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ဖတ်ကြားတင်ပြကာ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာပြုလုပ်ပေးမည့် အဖိုး/အဖွားများနှင့် မြေးမြစ်များက သတ်မှတ်နေရာများတွင် နေရာယူကြပြီး ကျွဲချိုမှုတ်ချီးကျူးသံပေး၍ အဖိုး/အဖွားများက လိပ်ပြာခေါ်ဆုတောင်းမှုမင်္ဂလာပြုကြကာ အခမ်းအနားသို့ တက်ရောက်လာသူများက ချည်ဖြူဖွဲ့မင်္ဂလာခံယူကြသည်။

ချည်ဖြူဖွဲ့မင်္ဂလာဆင်ယင်ကျင်းပနေစဉ်(လက်ချည်စဉ်)ကာလအတွင်း လူငယ်မောင်မယ်များက ကရင်တေး သီချင်းများဖြင့်သီဆိုဧည့်ခံဖျော်ဖြေခဲ့ကြပြီး ကြွရောက်လာသော ဧည့်ပရိသတ်များအား ကရင်မုန့်ဟင်းခါး စတုဒိသာ အကျွေးအမွေးများဖြင့်လည်း တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)