လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ၌ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ

လှိုင်းလွဲ  ဩဂုတ် ၁၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ကြာအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ကရင်ရိုးရာဝါခေါင် ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ကျေးရွာ ရပ်မိ/ရပ်ဖများ၊ တိုင်းရင်းသားညီအစ်ကို၊ မောင်မယ်များက ယမန်နေ့နံနက်ပိုင်းအချိန်ကစုပေါင်းပြီး ကရင်အမျိုးသားသီချင်းကို ရှေးဦးစွာသီဆို၍ စည်ကားသိုက်မြိုက်စွာဖြင့် ပျော်ရွှင်စွာပြုလုပ်ကျင်းပခဲ့ကြသည်။

ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနား၌ သဘာပတိအဖြင့် မဲဆမိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ ဆရာတော် အရှင်စန္ဒရ၊ သဘာပတိအဖွဲ့ဝင်များဖြစ်ကြသော ခရစ်ယာန်ဘုန်းတော်ကြီး ဆရာတော်ရှာစေး၊ လယ်ကယ်ဆရာ ဖုထီး၊ ကြာအင်းကျေးရွာရှိ ရပ်မိ/ရပ်ဖ ဦးဘခန့်နှင့် ဦးဖုလေ့တို့က ဆောင်ရွက်ခဲ့ကြပြီး သဘာပတိဖြစ်သော မဲဆမိတ်ကျေးရွာဆရာတော် အရှင်စန္ဒရမှ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနားကို ကရင်တိုင်းရင်းသားများအတွက်  နှစ်စဉ်ကျင်းပပြုလုပ်ရခြင်းများ၏ ရည်ရွယ်ချက်များအကြောင်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ဗိုလ်မှူးချုပ် စောချစ်သူက ကရင်ရိုးရာဝါခေါင် လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို မျိုးဆက်သစ်လူငယ်များက ရှေးဘိုးဘွားတို့၏   ရိုးရာအစဉ်အလာအတိုင်း ယဉ်ကျေးမှုအမွှေအနှစ်များ     မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်သွားကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ကရင်ပြည်နယ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က  ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပိုးကရင်/စကောကရင် ဘာသာစကားတို့ဖြင့်  ရှင်းပြကြပြီးနောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကိုစတင်ခဲ့သည်။

ရိုးရာချည်ဖြူဖွဲ့မင်္ဂလာတွင်ပါဝင်သောပစ္စည်း(၇)မျိုးမှာ ငှက်ပျောသီး၊ ချည်ဖြူ/ချည်နီ၊ ကြံ၊ရေ၊ ထမင်းဆုပ်၊ ကောက်ညှင်းပေါင်းနှင့် ပန်းတို့ပါဝင်ပြီး ဘိုးဘွား၊ မိဘတို့က လူငယ်၊ မောင်မယ်များ၏ ဝိဉာဉ်အဝေးသို့မလွင့်ပျံ့စေရန်အတွက် လိပ်ပြာပြန်ခေါ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၊ကြာအင်းကျေးရွာ၌ ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနားကို ပြည်နယ်၊ မြို့နယ်စာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များနှင့် ကျေးရွာပေါင်း (၄၉)ရွာမှ  ရွာသူ၊ ရွာသားများတက်ရောက်ခဲ့ပြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ အနုပညာရှင်များက ဒုံးယိမ်းအက၊ တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)