သာယာဝတီ သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး ၅၁၇၄၅၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် မိုးအနည်းငယ် လျော့နည်းရွာသွန်းခဲ့သော်လည်း လက်ရှိအခြေအနေတွင် မိုးရေပြည့်စုံ၍ မိုးစပါးစိုက်ခင်းများ ကောင်းမွန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးပြီးဖြစ်သော မိုးစပါးစိုက်ခင်းများ အောင်ရေထိန်းသိမ်းရန် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီများမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က သာယာဝတီမြို့နယ် ကျွန်းကုန်းအုပ်စု၊ ကျွန်းကုန်းကျေးရွာ ကွင်းအမှတ် (၁၂၀၁)ရှိ တောင်သူ ဒေါ်မော်မော်တင့်၏ မိုးစပါး ဆင်းသုခ ၉ ဧက စိုက်ခင်းတွင် ကန်သင်းဆင့်ခြင်း၊ ကတွတ်ပေါက်ပိတ်ခြင်း၊ ထူးပေါက်ပိတ်ခြင်း စသည့်အောင်ရေထိန်းလုပ်ငန်းများ ဆောင်ရွက်မှုကို သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)