မြိတ်၊ စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ဖွံ့ဖြိုးမှုလိုအပ်လျက်ရှိသည့် ကျေးရွာ (၁၅) ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် ( Covid-19 Economic Relife Plan) ဖြင့် Cash for work စီမံကိန်း နှင့် Village Revolving Fund Project (VRFP) စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် Cash for work စီမံကိန်းကို ကျေးရွာ(၁၁)ရွာ၌ ရန်ပုံငွေကျပ်သိန်း (၁၁၀၀) ဖြင့်လည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို ကျေးရွာ(၄)ရွာ၌ ရန်ပုံငွေကျပ် သိန်း (၉၀၀) ဖြင့်လည်းကောင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာများတွင် ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းအမျိုးအစားများရွေးချယ်ကာ ကျေးရွာသူ၊ ကျေးရွာသားများဖြင့်ဆောင်ရွက်ခဲ့ကြရာ လုပ်ငန်းဆောင် ရွက်မှုများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင်ထံမှ သိရသည်။
Cash for work စီမံကိန်း၌ ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာအလိုက် မြေသားရေနုတ်မြောင်းတူးဖော်ခြင်း၊ မြေသားရေနုတ်မြောင်းတူးဖော်ခြင်နှင့်ဝါးကပ်မြေတားပြုလုပ်ခြင်း၊ အုတ်စီရေနုတ်မြောင်းတူးဖော်ခြင်း၊ ကျေးရွာတွင်း (၂)လက်မ ပီဗီစီရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်သည့် ကျေးရွာများတွင် ကျေးလက်နေပြည်သူများမှ ရေမီတာတပ်ဆင် ၍ ရေသွယ်တန်းကြသဖြင့် ရေအသုံးပြုမှု အဆင်ပြေလာကြကာ ကျေးရွာရေရရှိရေးလုပ်ငန်းမှ ရရှိလာမည့်ရန်ပုံ ငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြင်ဆင်ထိန်းသိန်းရေးလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ပြီး ရရှိလာသည့်အကျိုးအမြတ်များဖြင့် ကျေးရွာရန်ပုံငွေ ထူထောင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VIFP)ဖြင့် ကျေးရွာများတွင် ကျေးရွာအိမ်ခြေအလိုက် ကျပ် သိန်း(၁၀၀)၊ သိန်း(၂၀၀)၊ သိန်း(၃၀၀)ဖြင့် ကျေးရွာကော်မတီအစီအစဉ်ဖြင့် ကျေးရွာသူ/သား(၁၉၈)အား အတိုးနှုန်း (၅၀)ပြားဖြင့် ထုတ်ချေးပေးခဲ့ရာ ကျေးရွာသူ/သားများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ် ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြ၍ မွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်သူ (၈၀)ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားရေးအစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖွံ့ဖြိုးမှုလိုအပ်လျက်ရှိသည့် ကျေးရွာ (၁၅) ရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာ၌ ကျေးရွာအစီ အစဉ်ဖြင့် ကျေးရွာသူရွာသားများဖြင့်ဆောင်ရွက်ခဲ့ကြရာ ကျေးရွာဖွံ့ဖြိုးမှုနှင့်အတူ ကျေးရွာနေပြည်သူများအလုပ် အကိုင်အခွင့်အလှမ်းများရရှိခဲ့ခြင်း၊ VRFP စီမံကိန်း ကျေးရွာမတည်ရန်ပုံငွေဖြင့် ကျေးရွာနေပြည်သူ မိသားစုတပိုင်တနိုင်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိလာကြကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)