ဝန်းသို စက်တင်ဘာ ၁၁
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း တစ်ကျော့ပြန် မြင့်မားလာသည့်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် ယမန်နေ့ ညနေပိုင်းမှစတင်၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝန်းသိုမြို့နယ် ဝန်းသို-ကောလင်းဘက်နှင့် ဝန်းသို-ကျောက်တန်းမြို့အထွက်တို့တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်နှစ်ခုကို ပြန်လည်ဖွင့်လှစ်ကာ ၂၄ နာရီ စောင့်ကြပ် စစ်ဆေး လျက်ရှိကြောင်း သိရသည်။
တပ်ဖွဲ့နှင့် (Volunteer) စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများပူးပေါင်း၍ ခရီးသွားပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/ မရှိစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ နေရပ်လိပ်စာနှင့် သွားရောက် သည့်ခရီးစဉ်များအား မှတ်တမ်းရေး သွင်းခြင်း စသည့်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဝန်းသိုမြို့နယ်တွင် Community Based Facility Quarantine စောင့်ကြည့်စင်တာ မြို့နယ်အဆင့် ၄နေရာနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများအလိုက် ဖွင့်လှစ် ထားရှိကာ လက်ရှိစာရင်းအရ ပြည်တွင်းနေရပ်ပြန် ၅၆ဦး၊ နိုင်ငံရပ်ခြားပြန်ပြည်သူ ၄ဦးတို့ကို သီးခြား စောင့်ကြည့်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်စားသောက်မှုနှင့် လုံခြုံရေးစနစ်တကျ ရှိစေရေးအတွက် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)