ပြည် ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့် ပြည်ခရိုင်၊ ပြည်မြို့နယ် ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းဆောင်ရွက်နေသော ကျေးရွာများမှ ဒေသခံအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စီမံချက်ကျေးရွာအုပ်စုများမှ ရပ်/ကျေးအမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်သည်။
အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ က လူကုန်ကူးခံရမှုအပါအဝင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ၊ အမျိုးသမီးများ၏ လူမှုဘဝလုံခြုံရေးအတွက် တိုင်းတစ်ပါးယဉ်ကျေးမှုများ လွမ်းမိုးမှုမခံရစေရေးနှင့် ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်တတ်စေရန် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရေးနည်းလမ်းများ၊ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် အမျိုးသမီးများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအပါအဝင် ဒေသထွက်သီးနှံများဖြင့် ထုတ်ကုန်အမယ်များပြုလုပ်၍ ဝင်ငွေရရှိအောင် ဆောင်ရွက်ရေးနည်းလမ်းများ၊ ရပ်ကွက်/ကျေးရွာများအလိုက် ဆယ်အိမ်စုတစ်စုစီအမျိုးသမီးရေးအဖွဲ့များမှ ဦးဆောင်၍ လအလိုက်ကျေးရွာရန်ပုံငွေ စနစ်တကျစုဆောင်းထားရှိရေး နည်းလမ်းများနှင့် ရရှိလာသောရန်ပုံငွေများဖြင့် ကျေးရွာပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ဦးစားပေးထောက်ပံ့နိုင်ရေး နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေး အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် ပြည်မြို့နယ် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကျေးရွာများဖြစ်သည့် မှော်ဇာကျေးရွာအုပ်စုနှင့် ငါးရွာကျေးရွာအုပ်စုတို့မှ အဖွဲ့ဝင်များက စီမံချက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေး လမ်းညွှန်အမှာစကားပြောကြားပြီး စီမံချက်ကျေးရွာများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)