ဒေးဒရဲမြို့၌ ကျေးလက်ဒေသမီးလင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ဒေးဒရဲ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်ဒေသ မီးလင်းရေး တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း မှော်ဘီကျေးရွာနှင့် လေးကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော အသေးစားဆိုလာ လျှပ်စစ်စီမံကိန်း (Mini Grid) ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျော်စွာမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မဟာဓာတ်အားလိုင်း မရရှိနိုင်သည့် ကျေးရွာများတွင် အသေးစားဆိုလာ လျှပ်စစ်စီမံကိန်း (Mini Grid)ဖြင့် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးနှင့် တစ်အိမ်သုံးဆိုလာစနစ်များကို ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ ကျေးရွာ(၁၇၅)ရွာ၊ အိမ်ထောင်စု(၇၃၇၅)စုအား ကျေးရွာမီးလင်းရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ကျေးရွာအုပ်စု(၂၅)စု၊ ကျေးရွာ(၅၂)ရွာ အိမ်ခြေ(၇၄၆၇)အိမ်ရှိ လူဦးရေ(၃၂၃၁၈)ဦးအား တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးလက်ဒေသများ မီးလင်းရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသေးစားလျှပ်စစ်စီမံကိန်းနှင့် တစ်အိမ်သုံးဆိုလာစနစ်ရရှိသော ကျေးရွာများရှိ အများပြည်သူများနှင့် သက်ဆိုင်သော အခြေခံပညာကျောင်းများ၊ ကျန်းမာရေးဌာနများနှင့် လမ်းမီးများကိုအခမဲ့ တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။

အေဇာလင်း