ကျောင်းကုန်းမြို့(Community Center) ခန်းမ၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ကျောင်းကုန်း ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီအချိန် စာရေးဆရာ မြင်းခြံ ကျော်အောင်(ခ) သန်းထက်စံ ရေးသားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဦးကျော်လင်းခိုင်(Book Club)မှ အတိုးတက်ဆုံးလူ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ လူ့ဘဝမှာ ကိုယ့်ကိုယ်ကိုအတတ်နိုင်ဆုံး လှအောင်ပြုပြင်ပါ၊ အတွေးလှပါစေ၊ အလိုဆန္ဒလှပါစေ၊ သန့်ရှင်းသပ်ရပ် စနစ်တကျလှပစေရန်နှင့် လူ့ဘဝမှာအပြည့်ဝဆုံး တိုးတက်ပြီး အသုံးဝင်တဲ့လူတစ်ယောက် ဖြစ်လာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး၊ ဒေါ်ချယ်ရီဖြိုး (Book Club)မှ ယဉ်ကျေးသိမ်မွေ့ခြင်းအကျိုး ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ ကျမတို့အနေနဲ့ လူ့လောကမှာ နေရေးထိုင်ရေး စားဝတ်နေရေးရှိတဲ့အတွက် ဝင်ငွေရှိဖို့ လိုအပ်လှပါတယ်၊ စီးပွားရေးလုပ်ငန်း အောင်မြင်ဖို့ရာ လူအများနဲ့ဆက်ဆံဖို့အတွက် စီးပွားရေးလုပ်ငန်းအောင်မြင်မှုသည် ယဉ်ကျေးရည်မွန်သော ဆက်ဆံရေးအပေါ်မှာ ၅၀ ရာခိုင်နှုန်း တည်သည်ဟု အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ကြောင်း ဒီစာအုပ်လေးထဲမှာ ရေးသားထားခြင်းနှင့် စီးပွားရေးပင်လုပ်လုပ်၊ အမှုပင်ထမ်းထမ်း၊ ဓနဥစ္စာပေါကြွယ်ဝစေရန်မှာ ယဉ်ကျေးရည်မွန်စွာ ဆက်ဆံခြင်းသည်သာ အခရာပါဟု ဆွေးနွေးခဲ့ကြသည်။ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များကလည်း ဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)