ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပ

ပန်းတောင်း  သြဂုတ်  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးရုံး၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများအနေဖြင့် ပထမသီတင်းပတ်တွင် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယသတင်းပတ်တွင် ငါးနှစ်အောက်နှင့်ကျောင်းနေအရွယ် ကလေးများအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယသတင်းပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္တသီတင်းပတ်တွင် အိုင်အိုဒင်းချို့တဲ့မှု ရောဂါပပျောက်ရေးနှင့် အစာတွင်အစာအာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်များအဖြစ် ပန်းတောင်းမြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ခိုင်သဥ္ဇာဝင်းနှင့် အမျိုးသမီးကျန်းမာရေး ဆရာမကြီး ဒေါ်ခင်မေသိမ့် တို့က အာဟာရဓာတ်ဆုံးရှုံးမှု နည်းသောချက်ပြုတ်နည်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ မီးမဖွားမီ စားသောက်ရမည့် အစာအဟာရရှိစေမည့် ဆေးဝါးများ၊ အစားအစာများနှင့် အာဟာရအုပ်စု () မျိုးအကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး အသက်() နှစ်အောက် ကလေးများအား အင်အားပြည့်ဗီတာမင်အေ၊ သံချဆေးများနှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် များအား သံဓါတ်ဆေးပြားတိုက်ကျွေးခြင်း၊ အာဟာရများထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ အခမ်းအနားသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)