ဆိပ်ဖြူမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အားဆေးနှင့် သံချဆေးများ တိုက်ကျွေး

ဆိပ်ဖြူ ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ဗီတာမင်အေအားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးက ကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းဝင်များ ပူးပေါင်းတိုက်ကျွေးဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကလေးများ လစဉ်ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို အသိပညာပေး ရှင်းလင်း ပြောကြားပေးခဲ့သည်။

ကလေးငယ်များအား ဗီတာမင်အေ အားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းအတွက် အသက်(၆)လမှ (၅)နှစ်အတွင်း တစ်မြို့နယ်လုံးတိုက်ကျွေးရန် လျာထားကလေးငယ်ဦးရေ (၇၈၂၆) ဦးရှိပြီး၊ ယနေ့မှ ၁၃ ရက်နေ့အထိ တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ အသက် (၆)လမှ (၁)နှစ်အောက် ကလေးငယ်များ ဗီတာမင်အေ တစ်သိန်းအားဆေးကိုလည်းကောင်း၊ အသက် (၂) နှစ်မှ (၅)နှစ်အောက် ကလေးငယ်များကို သံချဆေးနှင့် ဗီတာမင်အေ အားဆေးများ တိုက်ကျွေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စိုးလင်းနိုင်(IPRD)