မြဝတီ သြဂုတ် ၁၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြဝတီခရိုင် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အမျိုးသမီးများစောင့်ရှောက်ရေးနှင့်ပတ်သက်ပြီး ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့ကြီးက အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူ စာချုပ်ကို အတည်ပြုပြဌာန်းပေးခဲ့ပြီးဖြစ်သလို မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ယူပြီး အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ကာ အမျိုးသမီးများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများ၏ဘ၀ကာကွယ်စောင့်ရှောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြဝတီခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသီဟနိုင်က အစည်းအဝေးကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် မြဝတီခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြဝတီခရိုင် အမျိုးသမီးရေးရာ အဖွဲ့အတွင်းရေးမှူး ဒေါ်စန်းစန်းအေးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ် စုအုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)