မြဝတီ သြဂုတ် ၁၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ယခု နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ကြေးငွေများထောက်ပံ့ခြင်းဖြစ်ပါကြောင်း၊ သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး ရသင့်ရထိုက်သူများ မကျန်ရှိစေရေးအတွက် အထူးဂရုပြုပေးစေလိုပါကြောင်း၊ သို့ဖြစ်ပါ၍ စာရင်းဇယားကောက်ယူရေးနှင့် ထောက်ပံ့ပေးအပ်ခြင်းများတွင် မကျန်ရှိစေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က ထောက်ပံ့ပေးခြင်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ထောက်ပံ့ငွေများအား မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ထံသို့ ပေးအပ်သည်။
ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများအား ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင် ၇၂၈ ဦး၊ အသက်(၂)နှစ်အောက်ကလေး ၂၉၆၈ ဦး၊ စုစုပေါင်း ၃၆၉၆ ဦးတို့အတွက် ၁၆၀၀၃၅၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)