တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်‌ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မြို့သစ် စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နိုင်ရန် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နေ့လယ် ၂ နာရီက မြို့သစ်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူးဦးရဲဇော်မင်းက  ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ Mask များ စနစ်တကျတပ်ဆင်မှုရှိစေရေး၊ မြို့သစ်မြို့အဝင်၌ ကျန်းမာရေးစစ်ဆေးရေး ဂိတ်ဖွင့် လှစ်၍ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အလှည့်ကျ ဆောင်ရွက် သွားရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များ အတိုင်း စနစ်တကျ စစ်ဆေး ဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စည်းကမ်းချက်များကို  အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြို့သစ်မြို့အဝင်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၁၂ ရက်နေ့၌ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းမင်းအောင်(ကဘော်မြေ)