ကြို့ပင်ကောက် ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား လူငယ်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးရက် သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အထက(ဘုရင့်နောင်) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျောင်းကျန်းမာရေး တာဝန်ခံဆရာဝန် ဒေါက်တာခိုင်သဉ္ဇာ ဦးဆောင်သော ကျန်းမာရေးအဖွဲ့ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရန် အာဟာရမျှတစွာစားသုံးရေး အာဟာရပြည့်ဝစွာစားသုံးရမည့် အစာအုပ်စုများအကြောင်း၊ ကိုဗစ်-၁၉ မျိုးကွဲသစ် ရောဂါ၊ မျောက်ကျောက်ရောဂါ၊ သံကောင်တုတ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ၊ စနစ်တကျသွားတိုက်နည်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေး စစ်ဆေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်ခြင်း လုပ်ငန်းကို ကြို့ပင်ကောက်မြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် အလှည့်ကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)