အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကျုံပျော်မြို့ အားကစားနှင့် ကာယပညာ ဦးစီးဌာနသို့ ရောက်ရှိ၍ အားကစားဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများလမ်းညွှန်မှာကြား

ကျုံပျော် ဩဂုတ် ၁၀

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနသို့ ရောက်ရှိ၍ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးအား ဧရာဝတီတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန  တိုင်းဒေသကြီး ဦးစီးမှူး ဦးမိုးကျော်လွင်၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူတို့က ဧည့်ခံကြိုဆိုခဲ့ ကြပြီး လက်ရှိမြို့နယ်အတွင်း အားကစားဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဝန်ကြီးက လူငယ်များ အားကစား စိတ်ပါဝင်စားမှု ပိုမိုရရှိရန်၊ နိုင်ငံဂုဏ်‌ဆောင် ထူးချွန်အားကစား သမားများ ပေါ်ထွန်း‌ရေး ဆောင်ရွက်ရန်တို့ကို မှာကြားပြီး အားကစားကွင်းနှင့် အားကစားခန်းမတို့ကို ကြည့်ရှု စစ်ဆေးကာ၊ လိုအပ်သော အားကစားပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သော တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ကျုံပျော်မြို့နယ်သည် ထူးချွန်ထင်ရှား အားကစားသမားများ များစွာပေါ်ထွန်းရာဒေသဖြစ်ပြီး လက်ရှိတွင်လည်း မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းရေးအတွက် ဆောင်ရွက်ပေး လျက်ရှိကာ ဘောလုံး၊ ပိုက်ကျော် ခြင်း၊ ပြေးခုန်ပစ် စသည့် အားကစားနည်းများတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ များစွာထွက်‌ပေါ်ခဲ့ ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)