ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ဈေးကွက်အတွင်း တရားမဝင် စားသုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် ဈေးကွက်အတွင်း တရားမဝင် စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်းများ မရှိစေရေးအတွက် ဩဂုတ် ၁၀ ရက်၊ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ရေး၊ အချိန်အတွယ်မှန်ကန်စေရေး၊ FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော တရားမဝင် စားသုံးဆီများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ခွင့်ပြုချက်မရှိသော စားသုံးဆီနှင့် စားသောက်ကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းတို့ကို အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စားသောက်ကုန်ပစ္စည်းအရောင်း ဆိုင်များတွင် တရားမဝင် စားသုံးဆီများနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ တို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များမှ သိရှိလိုသော မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )