သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

သံတောင်ကြီး၊ စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ယနေ့နံနက်ပိုင်းက  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် အသိပညာပေးဆော်ဩခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊  Mask များအခမဲ့ဖြန့်ဝေခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ MOHS သတင်းထုတ်ပြန်ချက်အရ သံတောင်ကြီးမြို့နယ်အတွင်းတွင် Quarantine  ဝင်ရောက်သူ (၃၉) ဦးအနက် (၂) ဦးမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသဖြင့် သံတောင်ကြီးမြို့ တွင် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အများပြည်သူများ အပြင်ထွက်သည့်အခါတိုင်း Mask များတပ်ဆင်ရန်၊ လက်ကို မကြာခဏစနစ်တကျဆေးကြောရန်၊ သံတောင်ကြီးမြို့ဝင်ဂိတ်များတွင် လူဝင်လူထွက်သွားလာခြင်းများကို ကျန်း မာရေးစစ်ဆေးမှုများပြုလုပ်သွားရန်၊ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာသူများသည် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြား၍ Quarantine တွင် (၂၁)ရက်ဝင်ရောက်ရန်၊ တောင်ငူမြို့မှ သံတောင်ကြီးမြို့သို့ လာရောက်ရောင်းချသည့်ဈေးသည်များကို ဈေးလှည့်လည်ရောင်းချခွင့်မပြုရန်စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိညာပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ (၆) ရက်နေ့မှ (၁၁) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်တင်ဘာလ (၁၂) ရက်နေ့မှစတင်၍ အပြင်ထွက်သူများ Mask တပ်ဆင်မှုမရှိခြင်း၊ ထုတ်ပြန်ထား သည့်ဒေသန္တရအမိန့်များကိုဖောက်ဖျက်ပါက အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)