ကျိုက်လတ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား မြို့နယ်အဆင့် ဂုဏ်ပြုပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုက်လတ် သြဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ တွင် ယနေ့ နံနက်(၁၀)နာရီက ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ထူးချွန် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား မြို့နယ်အဆင့်ဂုဏ်ပြုပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ကြိုးစားသင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား မြို့နယ်အဆင့်ဂုဏ်ပြုပွဲကျင်းပနိုင်ရေးအတွက် ကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်း ထားပါကြောင်း၊ ဂုဏ်ပြုပွဲကို ခမ်းခမ်းနားနားကျင်းပပေးလိုသဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီ ပေးကြစေလိုကြောင်း၊ လိုအပ်သည်များကို အကြံပြုရန်လည်း ဖိတ်ခေါ်ပါ ကြောင်း၊ ယခုနှစ်တွင် ဂုဏ်ထူးရသည့် ကျောင်းသား၊ ကျောင်းသူ (၃၄၉)ဦးရှိပြီး ထူးချွန်အောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမ (၇၇)ဦးရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးစိန်မြင့်က ဆုချီးမြှင့်ရန် ကုန်ကျစရိတ်များရှိသဖြင့် ဘဏ္ဍာငွေရှာဖွေ ရေးတွင်လည်း ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်က ကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးတွင်ပါဝင်သူများနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက လိုအပ်သည်များကို တင်ပြဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်