ရွှေဘို ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေဘိုတက္ကသိုလ်တို့ပူးပေါင်းကာ၊ အသိပညာဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ခခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမျိုးမျိူးက အဖွင့်အမှာစကား ပြောကြားရာ ကျောင်းသားမောင်မယ်လူငယ်များအား ယဉ်ကျေးမှုဆိုင်ရာ အသိပညာများစွာရရှိစေရန်နှင့် ယဉ်ကျေးမှုများ မပျောက်ကွယ်ရအောင် သတိရှိကြစေရန်နှင့် လူငယ်ရေးရာ အသိပညာ ဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အခုလို ဟောပြောပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရွှေဘိုတက္ကသိုလ်၊ သမိုင်းဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာ ဝါဝါထွန်းက သမိုင်းနှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာအောင်ဘုန်းညိုက လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက်အသိပညာပေး ဟောပြောခဲ့ကြသူများအား ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး ဟောပြောပွဲသို့ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူများ၊ သင်ကြားရေး ဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်