သာယာဝတီ သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ မိုးစပါးစိုက်ဧကများတွင် အရည်အသွေးကောင်းမွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို တောင်သူလယ်သမားများက လျာထားချက်ထက် စိုက်ဧကပြည့်မီကျော်လွန်စေရန်အတွက် ကြိုးစားထွန်ယက်စိုက်ပျိုးလျက် ရှိသည်။
သာယာဝတီမြို့နယ်အနေဖြင့် ယခင်နှစ်မိုးစပါးစိုက်ဧက (၁၀၁၄၈၀)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်း ပျှမ်းမျှ (၇၉.၄၉)တင်းနှုန်းထွက်ရှိခဲ့ကာ ဒေသဝမ်းစာဖူလုံမှုမှာ (၁၅၈.၇၈) ရာခိုင်နှုန်းရှိသော်လည်း ယခုနှစ်မိုးစပါးစိုက်ဧက (၁၀၃၆၅၉)ဧက စိုက်ပျိုးနိုင်ပြီးဒေသဝမ်းစာဖူလုံရေး အတွက် ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုး၍ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များအား ပြောင်းလဲစိုက်ပျိုးလာကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးပြုံးချို က ပြောသည်။
သာယာဝတီမြို့တွင် ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ရက်-၉၀၊ ဗျော့ထွန်း၊ ရွှေဝါထွန်း၊ ကရင်မထိပ်ဆောင်း၊ ငစိန်၊ GW-11၊ မှော်ဘီ-၃၊ ချမ်းမြေ့မေ စပါးမျိုးများအား အများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)