မြိတ် ဩဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် မြိတ်တောင်ရပ်ကွက် ဘုရားကိုင်ရပ်၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသော အိမ်ထောင်စုအား ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်းများကို ယနေ့နံနက်ပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြသည်။
ဘေးသင့်အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်းကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ဘေးသင့်အိမ်ထောင်စုရှိလူဦး ရေ(၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၀၅ဝဝ)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံး ဝန်ထမ်းများက သွားရောက်ထောက်ပံ့ခဲ့ကြသည်။
မြိတ်တောင်ရပ်ကွက် ဘုရားကိုင်ရပ် ရွှေတောင်ကြားလမ်း၊ ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်း အနောက်ဖက်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ တောင်မြေပေ(၃၀) ခန့်သည် ပြိုကျမှုဖြစ်ပွားခဲ့ပြီး မြေပြိုမှုကြောင့် အလျား(၁၅)ပေ၊ အနံ (၁၈)ပေခန့်ရှိ ဓနိမိုး၊ ယိုင်ကာ၊ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုများမရှိကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)