ပေါက်ခေါင်း ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သော ဓာတ်မြေဩဇာနှင့် ဝါမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများအတွက် ဝါမျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့မနည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် က အဖွင့်အမှာစကားပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစန်းလွင်မှ ဝါမျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ တောင်သူများထံသို့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးနှင့် ဝါမျိုးစေ့များကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးစန်းလွင်နှင့် တာဝန်ရှိသူများက တောင်သူများနှင့် ဝါမျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဝါမျိုးစေ့ထုက် စိုက်ပျိုးဧက (၅၀)၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၂)ဧကနှင့် ယခုနှစ်တွင် ဝါဧက (၈၅၀၀)ခန့် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)