ဒေးဒရဲ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော အလေ့အကျင့် ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အဖြစ် အာဟာရ မျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ(၂)နာရီခွဲက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မင်းငြိမ်းက ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏနှင့် အာဟာရဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးကျော်စွာဝင်းက အာဟာရဖွံ့ဖြိုးစေရန် အခြေခံအစားအစာများ စားသုံးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဗလငါးတန် ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးရေးအတွက် အစာနှင့် အာဟာရအမျိုးအစားများ၊ အာဟာရချို့တဲ့မှု မဖြစ်စေရေးနည်းလမ်းများ၊ အခြေခံစားသုံးရမည့် အစားအစာများကို ကျောင်းသားမိဘများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခြင်းများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း