သရက်ချောင်း သြဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင် သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာယမန်နေ့က ဂုံညှင်းဆိပ်ကျေးရွာ တောင်သူများအတွက် အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ဂုံညှင်းဆိပ် ကျေးရွာအုပ်စုမှ တောင်သူ (၁၁၄)ဦးအတွက်တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့် စပါးစိုက် ( ၅၉၅ ) ဧကအတွက် ချေးငွေကျပ် (၈၉၂၅၀၀၀၀) သိန်းကိုယမန်နေ့က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်ကျေးရွာပေါင်း(၃၄)ရွာကိုစိုက်ပျိုးစရိတ် ထုတ်ချေးပေးရန်လျာထားဆောင်ရွက်လျက်ရှိရာ ယခုလအထိကျေးရွာ(၂၆)ရွာကို ထုတ်ချေးပေးနိုင်ခဲ့ပြီး ကျန်ရှိနေသောကျေးရွာများကိုလည်း စိုက်ပျိုးစရိတ်ထုတ်ချေးပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဒေါ်အေးသီတာထံမှ သိရသည်။
နန်းခလိုက် (သရက်ချောင်း)