ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကွမ်းသီးအကင်းနုအသီးများအဝယ်လိုက်၍ ဈေးကောင်းရရှိ

ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းကိုအဓိကလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးအကင်းနုများသည် မေလအတွင်း၌ စတင်ထွက်လျက်ရှိပြီး ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ကွမ်းသီးအကင်းနုများအား လိုက်လံဝယ်ယူခြင်းနှင့် ဒိုင်များဖွင့်လှစ်၍ ဝယ်ယူမှုများရှိခြင်းကြောင့် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ နှစ်ရှည်သီးနှံပင်ဖြစ်သည့် ကွမ်းသီးပင်သည် ရေခံမြေခံအခြေအနေအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ်ကွမ်းသီးပင်စိုက်ပျိုးမှု တိုးပွားလျက်ရှိရာ မေလအတွင်း ကွမ်းသီးအနုများအား ကုန်သည်များမှ လာရောက်ဝယ်ယူကြပြီး ဇူလိုင်းလ၌ ပြည်ကြီးမဏ္ဍိုင် မြို့အတွင်းအဝယ်ဒိုင်များဖွင့်လှစ်၍ ဝယ်ယူလျက်ရှိရာ ကွမ်းသီးအကင်းနုတစ်လုံးလျှင် (၄၀)ကျပ်မှ (၄၅)ကျပ်ဖြင့်လည်းကောင်း၊ ချွေပြီးသားကွမ်းသီးအနုတစ်ပိဿာလျှင် (၃၇၀၀)ကျပ်ဖြင့်လည်ကောင်း၊ ကွမ်းသီးအနုအခိုင်လိုက်ရောင်းပါက တစ်ပိဿာလျှင် (၃၀၀၀) အထိဈေးနှုန်းရရှိကာ ဒေသခံခြံပိုင်ရှင်များမှ ခူးယူရောင်းချလျက်ရှိကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)