ဘားအံမြို့တွင် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

ဘားအံ ဩဂုတ် ၁၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက ဘားအံမြို့နယ်၊ မုက္ကဒိခေတ်မီစံပြကျေးရွာ၊ အထက်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ကရင် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သိန်းက အမှာစကားပြောကြား၍ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ် တပ်ဖွဲ့မှူး ဦးမြင့်နိုင်က တပ်ဖွဲ့ရေးရာ ဆိုင်ရာများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီးက သင်တန်းထူးချွန်သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမြင့်နိုင်က သင်တန်းဆင်းလက်မှတ်များပေးအပ်၍ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များအတွက် ရှေးဦးပြုစုခြင်းသုံးပစ္စည်းများနှင့် အရေးပေါ်သုံးပစ္စည်းများကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ/ဆရာမများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး  ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရ သည်။

အဆိုပါရှေးဦးပြုစုခြင်းအခြေခံသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် ကျေးရွာနေပြည်သူ များ ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် အထောက်အကူဖြစ်စေပြီး ကျေးရွာအတွင်းလိုအပ်သော လူမှုဂရုဏာလုပ်ငန်းများအား ကူညီဆောင်ရွက်နိုင်မည်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်ဖြစ်ပွားပါက အချိန်မီကူညီစောင့်ရှောက်နိုင်မည်ဖြစ်၍ ၎င်းသင်တန်းကို ကျေးရွာအတွင်းရှိ လူငယ်(၃)ဦး တက်ရောက်သင်ကြားကြပြီး ရှေးဦးပြုစုခြင်း ဆိုင်ရာအခြေခံများကိုစာတွေ့၊ လက်တွေ့ (၃)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)