ခန္တီး ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ၊ ဂရိတ်ဖရုပင်များအတွက် မြေထုပ်စည်းမျိုးပွားခြင်း သင်တန်းကို ယမန်နေ့ နေ့လည်(၁)နာရီခွဲအချိန်က ခလရ(၅၂)၊ နန်စီပွန်ရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တပ်မတော်အရာရှိစစ်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားကာ စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးစာအုပ်များ၊ လက်ကမ်းစာစောင်များ၊ ဟင်းသီးဟင်း ရွက်မျိုးစေ့များ၊ လက်ကမ်းစာစောင်များ၊ သင်ထောက်ကူပစ္စည်းများကို ပေးအပ်ရာ အသီးသီးလက် ခံရယူခဲ့ကြသည်။
ဆက်လက်ပြီး ခန္တီးမြို့နယ်အတွင်း ဝင်ငွေရအမယ်သစ်သီးနှံဖြစ်သည့် ဂရိတ်ဖရုသီးပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရန် မျိုးပွားနည်းဖြစ်သော မြေထုပ်စည်းမျိုးပွားခြင်း နည်းပညာပေးသင်တန်းကို ဆက်လက်ပို့ချရာ ခရိုင်မျိုးစေ့တာဝန်ခံ ဦးဝင်းကျော်ထွန်းက သစ်သီးပင်များအတွက် ပင်ပိုင်းဆိုင် ရာမျိုးပွားနည်းစနစ်များကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ရင်စိုးက ကျရောက်တက်သော ပိုးမွှား/ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းဆိုင်ရာနည်းပညာများကိုလည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုခိုင်က ဂရိတ်ဖရုသီးပင်များအတွက် မြေထုပ်စည်းမျိုးပွားခြင်းဆိုင်ရာ နည်းပညာရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေးပို့ချခဲ့ကြသည်။
ထို့နောက် ဦးစီးအရာရှိ ဦးမင်းမင်းဇော်က ဂရိတ်ဖရုပင်များအား မြေထုပ်စည်းနည်းဖြင့် ပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်းအား လက်တွေ့သရုပ်ပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး လက်တွေ့ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)