ကလိန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး/သွန်/လဲ/စစ် နှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ကလိန်အောင် ဩဂုတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဖုံး/သွန်/လဲ/ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင် ဦးဆောင်၍ ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွား/မီးယပ် ဆရာမဒေါ်ဖြိုးအိမြတ်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးဦးကျော်မျိုးထွန်း အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဒုဦးစီးမှူးဦးမင်းခိုင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုအသင်းအဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့ပူးပေါင်းပြီး အမှတ်(၁)ရက်ကွက်ရှိနေအိမ်များ၌ ရေသိုလှောင်ကန်များ၊ ရေစည်များနှင့် ဘုရားပန်းအိုးများတွင် ခြင်မှတစ်ဆင့် ပေါက်ပွားလာသည့် ပိုးလောက်လမ်းများမရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများကို လိုက်လံဆောင်ရွက်ပေးပြီး ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမှ ကြိုတင်ကာကွယ်နိုင်ပြီး ခြင်ပေါက်ဖွားနှုန်းကို ကျဆင်းနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

လူမင်းအောင်