ကျွန်းလှမြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်

ကျွန်းလှ ဩဂုတ် ၁၀

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်အတွင်းမှ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ဩဂုတ် ၁၀ ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်းနှင့် ထူးချွန်စွာ အောင်မြင်မှုအခြေအနေကို ရှင်းလင်း၍ အ.ထ.က (ကျွန်းလှ) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ငါးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်ငါးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၈) ဦး၊ စုစုပေါင်း ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ