ပန်းတောင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပန်းတောင်း   သြဂုတ်  ၁၀

အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်ကြမည့် လူငယ်များအနေဖြင့် ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပညာရေးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာ က ယနေ့ခေတ်သည် တိုးတက်နေသောခေတ်ဖြစ်သဖြင့် ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်အောင် အင်တာနက်၊ အီးမေးလ် စသည့်သတင်းအချက်နည်းပညာတို့တွင်လည်း ကျွမ်းကျင်မှုရှိရန်လေ့လာ ထားသင့်ကြောင်း၊ ခေါင်းဆောင်သည်မိမိ၏အားသာချက် အားနည်းချက်များကို အမြဲသုံးသပ်ပြီး အားသာချက်များကို ပို၍ကောင်းအောင်၊ အားနည်းချက်များကို အားသာချက်ဖြစ်လာအောင် ဆင်ခြင်၍ ပြုပြင်သွားဖို့လိုအပ်ပါကြောင်း၊ ခေါင်းဆောင်သည်သူတစ်ပါးကို ဝေဖန်နိုင်သည့် ဉာဏ်ပညာ အရည်အချင်းနှင့် သတ္တိရှိဖို့လိုသလို မိမိကိုယ်ကို ဝေဖန်လာလျှင်လည်း ခံနိုင်ရည်ရှိဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေး က လူငယ်နှင့်မျိုးချစ်စိတ်ကဏ္ဍခေါင်းစဉ်ဖြင့် နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရေး အထူးလိုအပ်ကြောင်းနှင့် လူငယ်လူရွယ်များ စိတ်ဓာတ်ရေးရာ မြင့်မားပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစေလိုကြောင်း ဟောပြောသည်။

ယင်းနောက် အားကစားမှူး ဒေါ်စောမာလာ က အားကစားသရုပ်ပြခြင်း၊ အားကစားပစ္စည်းများကို အားကစားမှူး က ကျောင်းဆရာကြီး ဦးဆန်းကို ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နံရံကပ်စာစောင်များပြသရာ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)