ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် သန်ချဆေးတိုက်ကျွေးခြင်း အခမ်းအနားကျင်းပ

ပန်းတောင်း   သြဂုတ်   ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပန်းတောင်း (..က)ကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် (၁၀:၀၀)က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် () ဦးအေးကြိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းအကြောင်းနှင့် သန်ချဆေးတိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များကို အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပန်းတောင်းမြို့နယ် ပညာရေးဦးစီးဌာန ပညာရေးမှူး ဦးသိန်းဒန်မှ ကျောင်းသား/သူများအား စာပေဗဟုသုတလေ့လာရာတွင် ကျန်းမာရေးသည်လည်း အဓိကကျသည့်အတွက် ဂရုစိုက်ရမည့်အကြောင်းအရင်းများကို အမှာစကားပြောကြားကာ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သန်ချဆေးများတိုက်ကျွေး၍ အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)