ကျောင်းကျန်းမာရေးသီတင်းပတ် ကျောင်းအခြေပြုသံချဆေး တိုက်ကျွေးရေးလုပ်ငန်း အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ယမန်နေ့က ကျောင်းကျန်းမာရေး သီတင်းပတ်ကျောင်း အခြေပြုသံချဆေးတိုက်ကျွေးရေး လုပ်ငန်းဆောင်ရွက်မှု အခမ်းအနားကို ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမော်ကွန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက ကျောင်းကျန်းမာရေးသီတင်းပတ် ကျောင်းအခြေပြုသံချဆေးတိုက်ကျွေးရေး လုပ်ငန်းဆောင်ရွက်ရသည့် ရည်ရွက်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် KGမှ Grade-5 အထိ ကျောင်းသား/ ကျောင်းသူများအားလုံးအား သန်ချဆေးများတိုက်ကျွေးပေးခဲ့ပြီး Hand Gel ဘူးများနှင့် နှာခေါင်းစည်း Mask များ လှူဒါန်းပေးခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား/ ကျောင်းသူများအား တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များ ဖြည့်သွင်းပေးခြင်း၊ ရောဂါစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်းနှင့် ဆယ်ကျော်သက် ကျောင်းသား/ ကျောင်းသူများအား သံဓါတ်အားဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို တစ်ခန်းဝင် တစ်ခန်းထွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)