ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချခွင့်ပြုသည့် ဈေးများဆိုင်ရာ စည်းကမ်းများအား အစားထိုးပြင်ဆင်

ပခုက္ကူ  ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် နယ်နိမိတ်အတွင်း စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဥပဒေနှင့်အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည့် ဈေးများဆိုင်ရာစည်းကမ်း (Bye-Laws) များအား ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့၌ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၂၃၊ ပုဒ်မခွဲ (က) တို့အရ အစားထိုးပြင်ဆင်လိုက်ကြောင်း သိရသည်။

အဆိုပါဈေးဆိုင်ရာ စည်းကမ်းများဥပဒေကို ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၂၂) ၏ ဆုံးဖြတ်ချက်အပိုဒ် ၂၃၊ အပိုဒ် ၅၆ဖြင့် အတည်ပြုမှုအရ အစားထိုးပြင်ဆင်ခြင်းဖြစ်ပြီး ဈေးများဆိုင်ရာ ဥပဒေစည်းကမ်းပြဌာန်းချက်များအရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်း ဖောက်ဖျက်ကျူးလွန်လျှင် ယင်းပြစ်မှုအတွက် သက်ဆိုင်ရာတရားရုံးမှ ယခင်က ငွေဒဏ်အနည်းဆုံးကျပ် ၅၀၀၀မှ အများဆုံးကျပ် ၅၀၀၀၀အထိ ချမှတ်နိုင်သည့်အစား ငွေဒဏ်အနည်းဆုံးကျပ် နှစ်သိန်းမှ အများဆုံးကျပ် ငါးသိန်းအထိ ချမှတ်နိုင်သည်ဟုလည်းကောင်း၊ ပြစ်မှုထင်ရှားစီရင်ခံပြီးနောက် အဆိုပါပြစ်မှုကို ဆက်လက်ကျူးလွန်လျှင် နေ့ရက်အသီးသီးတို့အတွက် တစ်ရက်လျှင် ငွေဒဏ်ကျပ် ၅၀၀ချမှတ်နိုင်သည့်အပြင် ပထမအကြိမ်ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ယခင်က သက်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ကြေးငွေအနည်းဆုံး ကျပ်၁၀၀၀မှ အများဆုံး ၁၀၀၀၀ အထိ ချမှတ်နိုင်သည်အစား သက်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ကြေးငွေအနည်းဆုံး ကျပ်၁၀၀၀မှ အများဆုံး ၁၀၀၀၀အထိ ချမှတ်နိုင်သည်ဟုလည်းကောင်း အသီးသီးအစားထိုးပြင်ဆင်လိုက်ကြောင်း၊ ပြစ်မှုဖောက်ဖျက်ကျူးလွန်လျှင်ဆိုသည်မှာ စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်း ဈေးရောင်းချခွင့် ပြုထားသော်လည်း သတ်မှတ်ပေးထားသော ဆိုင်ခန်း၊ နေရာတို့တွင် ရောင်းချခြင်းမပြုသူများ၊ ဈေးရောင်းချခွင့်မရရှိဘဲ လာရောက်ရောင်းချသူများ၊ ဈေးရောင်းဈေးဝယ်သူ ပြည်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် လမ်းဘေးဝဲယာနေရာများတွင် ဈေးရောင်းချသူများကိုဆိုလိုကြောင်း ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းက ပြောပြသည်။

ပခုက္ကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အဖြစ် ပခုက္ကူမြို့မဈေးကြီး၊ ကမ္မမြို့မဈေး၊ မြစ်ခြေမြို့မဈေးနှင့် ယာယီပျံကျဈေးများတို့တွင် မှတ်ပုံတင်ရောင်းချခွင့်ပြုထားပြီး အသစ်အစားထိုး ပြင်ဆင်လိုက်သည့် ဈေးများဆိုင်ရာစည်းကမ်းချက် ဥပဒေအကြောင်းအရာများကို အများပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး အသိပညာပေးခြင်း၊ နှိုးဆော်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)