အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ

အမာ ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာ ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းက အဖွင့်အမှာစကားပြောကြားရာ တွင် ကျောင်းသား၊ ကျောင်းသူများ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် ကြံ့ခိုင်ရေး၊ ကျန်းမာစွာအသက်ရှင် နေထိုင်ရေး လေကျင့်သင်ကြားပေးရခြင်းဖြစ်ကြောင်းနှင့် ကျောင်း၌‌ နေ့စဉ်နေထိုင်လှုပ်ရှားနေရ သည့် အကြောင်းများကို ပြောကြားခဲ့ပြီး အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ခင်ချောစုထွေးက သွေးလွန်တုပ်ကွေးရောဂါအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ် ပွားစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်းကိုလည်းကောင်း၊ ဆရာမ ဒေါ်နုဝါလှိုင်က တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သွားနှင့်ခံတွင်းကျန်းမာရေး အကြောင်းကို လည်းကောင်း၊ ဆရာမဒေါ်စိုးစန္ဒာထွန်းက အစာအုပ်စု(၃)ခု ရှိကြောင်း၊ နေ့စဉ်စားသောက် နေထိုင်ရာတွင် အာဟာရပြည့်ဝရေး အစာအုပ်စု(၃)ခု ပါဝင်အောင် မျှတစွာ စားသောက်ကြရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်‌ရေးနှင့် ပတ်သက်၍ ကာကွယ်ရေး နည်းလမ်းများ အကြောင်းတို့ကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ မှတ်မိလွယ်စေရန် ကဗျာစာပေများ ရွတ်ဆို၍ ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျန်းမာရေးဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများ ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

အမာ(ပြန်/ဆက်)