နတ်မောက်မြို့နယ်တွင် ငရုတ်သီးစိမ်း စျေးကောင်း၍ စိုက်ပျိုးသူများ အဆင်ပြေ

နတ်မောက် ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ ရာသီဥတုဖောက်ပြန်၍ မိုးခေါင်မှုကြောင့် ပုံမှန်လယ်ယာစိုက်ပျိုးခြင်းမှ မိသားစုတစ်နိုင်တစ်ပိုင် ခြံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ငရုတ်စိုက်ပျိုး ရောင်းချခြင်း ပြုလုပ်သူများ အမြတ်ငွေ ပိုမိုရရှိလျက်ရှိကြောင်း သိရသည်။

“ငရုတ်များကို ယခင်က မိုးနှောင်းကာလမှာ စိုက်ပျိုးတာဖြစ်ပြီး၊ ယခုနှစ် မိုးဦးကာလတွင် စိုက်ပျိုးတာဖြစ်ပါတယ်၊ ငရုတ်ပင်မှာ သက်တမ်းကြာ ခူးယူရရှိနိုင်သည့် အပင်ဖြစ်ပြီး စိုက်ပျိုးသူ၏ မျိုးရွေးချယ်မှုနှင့် ဂရုစိုက်ပြုစုမှုအပေါ် မူတည်ကြောင်း၊ ခုစိုက်ပျိုးထားတာကတော့ မိုးမျှော်ငရုတ်မျိုးဖြစ်ပါတယ်၊ တစ်ဧကလျှင် ပင်ကြား (၂)ပေ၊ တန်းကြား (၃)ပေဖြင့် အပင်(၃၀၀၀)ကျော် စိုက်ပျိုးနိုင်ပြီး အပင်သက်တမ်း(၂)လအရွယ်တွင် စတင် ခူးဆွတ် ရောင်းချလို့ရပါပြီ၊ တစ်ပတ်(၁)ကြိမ် ခူးဆွတ်ရောင်းချနိုင်ပြီး ခူးယူမှုအကြိမ်များလာသည်နှင့်အမျှ   ငရုတ်သီးစိမ်းထွက်ရှိမှု ပိုမိုရရှိကြောင်း” နတ်မောက်မြို့နယ် လျှော်တောင်ကျေးရွာ ငရုတ်စိုက်တောင်သူ ဦးမြင့်ဦးထံမှ သိရသည်။

ငရုတ်ပင်စိုက်ပျိုးရာတွင် မိမိ၏ထွန်ရှင်း လုပ်အားခမပါ ကုန်ကျငွေ (၃)သိန်းကျော်ရှိကြောင်း၊ ဆွတ်ခူးမှု (၄)ကြိမ်တွင် ငရုတ်သီးအထွက်မှာ ပိဿ (၂၀၀)ခန့်ရရှိ၍ ယနေ့ဒေသပေါက်စျေး ငရုတ်သီးစိမ်းတစ်ပိဿ (၂၅၀၀)ကျပ် ရောင်းချရသည့်အတွက် ငရုတ်စိုက်တောင်သူများ အမြတ်ငွေပိုမိုရရှိကြောင်း သိရသည်။

မူမူစန်း