ပွင့်ဖြူမြို့နယ် အရှေ့အင်းကုန်းကျေးရွာတွင် တတိယနှစ်စက်ဝန်း ကျေးရွာမတည် စီမံကိန်းရန်ပုံငွေ ကွင်းဆင်း ထုတ်ချေးပေး

ပွင့်ဖြူ ဩဂုတ် ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် အရှေ့အင်းကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မီမီသိုက်က ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ကျေးရွာမတည်စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်၍ စီမံကိန်းလုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် စီမံကိန်းချေးငွေများ လေလွင့်ဆုံးရှုးမှုမဖြစ်စေရေး စနစ်တကျ သုံးစွဲလုပ်ကိုင်ကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် အရှေ့အင်းကုန်းကျေးရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအသင်းဝင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၄ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄၉ ဦး၊ စုစုပေါင်း စီမံကိန်းအသင်းသားဦးရေ ၉၆ ဦးအတွက် တတိယနှစ်စက်ဝန်း ကျေးရွာမတည်ရန်ပုံငွေကျပ် ၃၃ သန်း အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)