ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ၂၀၂၀ - ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ (၁၃၀) ဦးခန့် အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးရဲများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး မဲဆန္ဒရှင်ပြည် သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ရွေးကောက်ပွဲကျင်းပနေစဉ် မဲရုံပရဝုဏ်နှင့် ကိုက် (၅၀၀) အတွင်း အသံချဲ့စက်များ ဆူညံစွာ ဖွင့်လှစ်မှုမရှိစေရေး၊ ဆန္ဒမဲပေးမည့် ပြည်သူများအား မဲမပေးနိုင်အောင် နှောင့်ယှက်ခြင်းများမရှိစေရေး ၊မဲရုံပတ်ဝန်းကျင်တွင် ဆူညံခြင်း၊ မူးယစ်သောက်စားခြင်းများ မရှိစေရေးအတွက် လုံခြုံရေးဆိုင်ရာများကို အလေးထား ဆောင်ရွက်သွား မည်ဖြစ်သည်။
အထူးရဲများကို ခန့်အပ်ခြင်းမှာ ၂၀၂၀ - ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေးတို့အတွက် ဆင်ပေါင်ဝဲမြို့နယ်ရှိ မဲရုံ (၁၃၀)ရုံတွင် တာဝန်ထမ်းဆောင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပြင် အထူးရဲ (၁၃၀) ဦးလည်း ခန့်ထားမှာဖြစ်ပြီး အထူးရဲများ အနေဖြင့် ၂၀၂၀ - ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ နိုဝင်ဘာလ( ၁၅ ) ရက်နေ့အထိ တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး အထူးရဲများအား အခြေခံရဲတပ်ဖွဲ့ဝင်တစ်ဦးကဲ့သို့ လစာအကျိုးခံစားခွင့်တွေ
ရရှိမှာဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)