ဒေးဒရဲမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဒေးဒရဲ သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုအလေ့အထများ ဖြစ်ပေါ်လာစေရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော အလေ့အကျင့် ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍  ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အဖြစ် အာဟာရ မျှတစွာ စားသုံးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်သိမ့်က ကျောင်းကျန်းမာရေး သီတင်းပတ်  အထိမ်းအမှတ်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများအဖြစ် ကျောင်းစာကြည့်တိုက် ဖွင့်လှစ်ငှားရမ်းပေးမှု၊ အားကစားဆိုင်ရာ ဖွံဖြိုးရေးအတွက် ကာယချိန်များတွင် အားကစားနည်းများနှင့် အခြေခံကွန်ပျူတာသင်ကြားပေးမှု လုပ်ငန်းများ ကို ကျောင်းသားမိဘများအား ဦးစွာ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သူနာပြု အဆင့်(၁) ဒေါ်မိုးမိုးလှိုင်က တစ်ကိုယ်ရေ သန့်ရှင်းရေး အလေးထားဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဗလငါးတန် ဖွံ့ဖြိုးရန် အာဟာရမျှတစွာ စားသုံးရေးအတွက် အစာနှင့် အာဟာရအမျိုးအစားများ၊ အာဟာရ ချို့တဲ့မှု မဖြစ်စေရေးနည်းလမ်းများ၊ အခြေခံစားသုံးရမည့် အစားအစာများကို ကျောင်းသား မိဘများအား အသိပညာပေး ဆွေးနွေးခြင်း၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန့်ပုသိမ်က အာဟာရမျှတစွာ စားသုံးရန် အစာအဟာရ(၃)အုပ်စုအား မျှတစွာ စားသုံးရေး ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသူများက သိရှိလို သည်များ မေးမြန်းခြင်းများကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း