ပုလော ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် စာပေချစ်သူစာဖတ်ပရိသတ်များမှ ဒေါက်တာကျော်စိန်၏ လူငယ်နှင့်လမ်းညွှန်စာအုပ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ် (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် စာပေချစ်သူ ဒေါ်မြစောနွယ်က ဗုဒ္ဓစာပေနှင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ အရွယ်သုံးပါးရှိကြောင်း၊ ပထမအရွယ်တွင် ပညာရှာ၊ ဒုတိယအရွယ်တွင် ဥစ္စာရှာ၊ တတိယအရွယ်တွင် ကုသိုလ်ပြုရမည်ဖြစ်ကြောင်း၊ လူငယ်ဟူသည်ပွင့်လင်းခြင်း၊ ရိုးသားခြင်း၊ တက်ကြွခြင်းကို ယဉ်ကျေးမှုဘောင်အတွင်းမှ မှန်ကန်သောပန်းတိုင်သို့ သွားရမည်ဖြစ်ကြောင်းနှင့် လူငယ်များ၏ ပင်ကိုသဘာဝရှင်သန်ခြင်း၊ ဖွံ့ဖြိုးခြင်း၊ ကြီးထွားခြင်း သည် အရေးကြီးကြောင်းကို လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
ယင်းနောက် စာပေချစ်သူ ဦးအာကာစိုးက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ဘာသာရေး၊ စာပေချစ်သူ ဦးအောင်မျိုးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်မလိုလားအပ်သော အလေ့အထများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)